တစ်ခါက အလွန် ခြောက်သွေ့ခေါင်းပါးတဲ့ တောရွာလေးတစ်ရွာမှာ မောင်ဖိုးထောင်ဆိုတဲ့ လူငယ်လေး
တစ်ဦးရှိသတဲ့....အဲဒီမောင်ဖိုးထောင်ဆိုတဲ့ လူငယ်လေးဟာ ရှေးဘ၀ ကုသိုလ်ကံ နည်းခဲ့လို့ ထင်ပါ့...
အတန်းပညာကလည်း ပေါင်း၊နှုတ်၊မြှောက်၊စား ကကြီး၊ခခွေး တောင် ရေရေလည်လည် မတတ်ခဲ့ရှာဘူး....
မိမဲ့ဖမဲ့ ဘ၀နဲ့ သူ့ရဲ့ ဘ၀လေးကို တစ်နေ့ထမင်း ၂ နပ် နပ်မှန်နိုင်ဖို့အရေး အလုပ်ကို ခက်ခက်ခဲခဲနဲ့
ရှာဖွေစားသောက်ရင်း ဘ၀ကို ရုန်းကန်နေရရှာတယ်...သူ့ရဲ့ အဓိက အသက်မွေးဝမ်းကြောင်းအလုပ်
ကတော့ ရွာထိပ်က အကြော်သည် ကြီးဆိုင်မှာ သုံးဖို့ အတွက် လိုအပ်တဲ့ ထင်း ကိုရှာဖွေပေးရင်း ထိုဆိုင်က
ရလာတဲ့ အကြော်လေးနဲ့ ထမင်းတစ်နပ်ကို ဖြေရှင်း ခဲ့ရတယ်.........
ဒီလိုနဲ့မောင်ဖိုးထောင်တစ်ယောက် ရွာထဲ၊ ရွာနီးစပ်ချုပ်မှာရှိတဲ့ ထင်းတွေကို ရှာဖွေလာခဲ့တာ
အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ သူ့အတွက် ထင်းဆိုတာလည်း ရှားပါးလာတော့တယ်....
တစ်နေ့တော့ မောင်ဖိုးထောင်တစ်ယောက် ဒီထင်းတွေကို ဘယ်အရပ်ဒေသမှာ ပေါပေါသီသီရနိုင်ပါ့မလဲ
ဆိုပြီး ရွာ့ပြင် ညောင်ပင်ကြီးအောက်မှာတွေဝေစွာနဲ့ စဉ်းစားနေမိတယ်.... အတန်ကြာတော့မှ သူမျက်နှာ
မူရာဘက်ကို သေသေချာချာစူးစိုက်ကြည့်မိပြီး..................
အိုး.......ဟိုးဘက်က တောအုပ်ဆိုတော့ ငါလိုချင်တဲ့ထင်းတွေအများကြီးရှိနိုင်တယ်...ရွာနဲ့တော့
အတော်လေး လှမ်းတယ်ဟ..... အာ ဘာပဲဖြစ်ဖြစ် ၀မ်းရေးအတွက်ဆိုတော့ ဝေးလည်းသွားရမှာပဲ
ဆိုတဲ့အတွေးနဲ့ တစ်ယောက်ထဲ ဖြေရှင်းချက်ထုတ်နေတော့လေ၏။
ဒီလိုနဲ့ မောင်ဖိုးထောင်တစ်ယောက် တောအုပ်ညို့ညို့ဆီသို့ မျက်နှာ မူပြီး လျှောက်လာခဲ့လေတော့တယ်...
အတန်ကြာလို့ တောအုပ်ကြီးဆီရောက်တယ် ဆိုရင်ပဲ မောင်ဖိုးထောင် အရမ်းအံ့သြပြီး ပျော်ရွှင်ဝမ်းသာ
ခဲ့ရတယ်.... ဘာ့ကြောင့်လဲဆိုရင် သူ့ဘ၀မှာ ဒီလောက်လှ၊ ဒီလောက်ဖြောင့်ဖြူးတဲ့ သစ်ပင်မျိုး တစ်ခါမှ
မတွေ့ဖူးဘူးကို...ဒီလောက် ပေါများတဲ့အပင်တွေဆိုရင်တော့ ငါတစ်သက် ခုတ်လို့တောင် ကုန်မှာမဟုတ်
ဘူးဆိုပြီး အတွေးနဲ့ပင် အတော်လေး ပျော်နေမိခဲ့တယ် ။ ဒီလိုနဲ့ အာ...စဉ်းစားနေတာကြာတယ်........
ရွာပြန်ရမှာနဲ့ဆိုတော့ မြန်မြန်ခုတ်ပြီး မြန်မြန်ပြန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ နီးစပ်ရာ အပင်တစ်ပင်ကို
စတင်ခုတ်လေတော့တယ်....သူခုတ်လို့ ၄၊၅ ချက်ပဲရှိသေးနောက်မှ လူတစ်ယောက်က သူ့ပခုံးကို
လက်ဖြင့်လာပုတ်တော့ မောင်ဖိုးထောင် ပြန်လှည့်ကြည့်လိုက်တယ်....သြော်...ယူနီဖောင်း ၀တ်စုံနဲ့
အရာရှိ တစ်ယောက်ပါ့လား.....................
ဖိုးထောင်။ ။ဟိတ်လူ....ခင်ဗျား ဘာလာရှုပ်တာလဲဗျာ့..ဒီမှာ သူများ အလုပ်လုပ်နေတာနားမလည်
ဘူးလား?.............
အရာရှိ။ ။အောင်မာ.............မင်းက ငါ့ကိုပြန်ဟောက်နေသေးတယ်.....ငါက ဒီတောအုပ်မှာတာဝန်
ကျတဲ့ အရာရှိတစ်ယောက်ပဲ..ဒါနဲ့မင်းက ဒီအပင်ကို ဘာလို့ခုတ်ရတာလဲပြောစမ်း....
ဖိုးထောင်။ ။ကျုပ်ဝမ်းစာအတွက်ပေါ့ဗျာ့...ကျုပ်က ဒီအပင်က ရတဲ့ ထင်းတွေကို ရွာမှာပြန်ရောင်းရင်း
စီးပွါးရှာရမှာ.......
အရာရှိ။ ။ အလိုလေး.....ဒီမှာကိုယ့်လူ...မင်းက ဒီအပင်တွေကို ပိုင်ရှင်မဲ့ထင်နေတာလား...ဒီအပင်
တွေက အစိုးရပိုင်ကွ...နားလည်လား ?
ဖိုးထောင်။ ။ အာဗျာ....အစိုးရပိုင်သာ ဆိုတယ်... ဒီအပင်တွေကို သူတို့ရေလောင်း ပေါင်းသင်ရော
ဘယ်နှခါများ လာလုပ်လို့လဲ...........
အရာရှိ။ ။ဒီကိစ္စ မင်းနဲ့မဆိုင်ဘူး.ဒီအပင်ကို နှယ်နှယ်ရရ အပင်များမှတ်နေလား? အဲဒါကျွန်းပင်လို့
ခေါ်တယ်ကွ.........
ဖိုးထောင်။ ။ကျွန်းပင်ဆိုတော့ ဘာဖြစ်လို့လဲ ? တန်ခိုးများကြီးလို့လားဗျာ......
အရာရှိ။ ။တန်ခိုးရှိတာမဟုတ်ဘူးကွ။ တန်ဖိုးရှိတာ...ဒီကျွန်းပင်တွေကို နိုင်ငံခြားကိုရောင်းစားရင်
တန်ဖိုးရှိ ဒေါ်လာတွေရတယ်....နားလည်လား.....
ဖိုးထောင်။ ။ဒေါ်လာဆိုတာ ဘာလည်းဟင်.....
အရာရှိ။ ။ ဒေါ်လာဆိုတာ ပိုက်ဆံပေါ့ကွ..ငတုံးရ.....
ဖိုးထောင်။ ။သြော်...နိုင်ငံခြားကငွေကတန်ဖိုးရှိတယ်ဆိုတော့ မြန်မာနိုင်ငံက ငွေကေ၇ာ
တန်ဖိုးမရှိလို့လားဟင်။
အရာရှိ။ ။ဟာ.....ဒီကောင်တော့ ထောင်နန်းစံချင်နေပြီထင်တယ်....ကျွန်တစ်ပင်ခုတ်ရင်
ထောင် ၁၀ နှစ် ဆိုတာရော မင်းသိလား....ခု မင်းကို သစ်ခုတ်မှုနဲ့ ဖမ်းလိုက်ပြီ........
ဒီတော့မှမောင်ဖိုးထောင်လည်း အတော်လေးကြောက်သွားမိတယ်.....နောက်တစ်ဆက်ထဲမှာပဲ
စိတ်ကူးတစ်ခု ပေါ်လာတယ်...... ငါတို့ရွာက ကိုသာအေး လူသတ်တာ ထောင် ၇ နှစ်ပဲကျတယ်.........
ကျွန်းတစ်ပင်ခုတ် ထောင် ၁၀ နှစ်ဆိုတော့ ဒီလူ့ကို ဓါးနဲ့ပိုင်းလိုက်ရင်တော့ ၃ နှစ်သက်သာမှာပဲ ဆိုပြီး
လက်ထဲက ဓါးမတိုနဲ့ အဲဒီလူရဲ့ လည်ပင်းကို ပိုင်းလိုက်လေတော့သတည်း....................
ကဲ...သူငယ်ချင်းတို့ရေ....မောင်ဖိုးထောင် မှန်သလား မှားသလားဆိုတာ ဖြေကြည့်ကြပါဦး...............
မှတ်ချက်။ ။ စင်္ကာပူ စာပေဟောပြောပွဲမှ ဆရာနေ၀င်းမြင့် ဟောပြောခဲ့တာကို ပြန်လည် တည်းဖြတ်
ရေးသားခြင်းဖြစ်ပါသည်....
No comments:
Post a Comment