ချစ်သူ့နယ်မြေ(ZLT)သို့ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ ဘလော့ဂ်လေးအတွင်းလိုအပ်တာရှိရင်လည်း အကြံပေးသွားနိုင်ပါတယ်ခင်ဗျာ.. မိတ်ဆွေတို့အား အစဉ်လေးစားလျှက်......ဇေယျာ(ZLT)

23/04/2012

♣♣♣၀ဋ်♣♣♣ ဖြစ်ရပ်မှန်ဇာတ်လမ်း

 လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က (.......) ရွာလေးတစ်ရွာမှာ ဦးခင်ဆိုတဲ့ သူကြွယ်တစ်ဦးရှိခဲ့ဖူးတယ်...
ဦးခင် ဘာကြောင့် ကြီးပွါးချမ်းသားနေသလဲဆိုရင်တော့ မိဘတွေကျန်ခဲ့တဲ့ အရင်းအနှီးလေးတစ်ချို့နဲ့
အရင်းတည်ကာ ဆင်းရဲသားတို့ရပ်ကွက် မှာ ငွေတိုးချေးခေါင်းပုံဖြတ်ရင်း မတရားစီးပွါးရှာ ကာနေလေ၏။
ဦးခင်၏ လှည့်ပတ်မှု၊ မတရားအနိုင်ယူမှု၊ လူအင်အားငွေအင်တို့နဲ့ အနိုင်ယူ ခြင်းခံရမှုတို့ကြောင့် ဆင်းရဲ
ဒုက္ခ ရောက်ရသူများမှာလည်း ဒုနဲ့ဒေး....မရှိ ဆင်းရဲသားတို့ ရပ်ကွက်ဆိုတော့ ဦးခင်အတွက်တော့
မဟာအခွင့်အရေးပေါ့...
         သူများပိုက်ဆံတွေကို ဂုတ်သွေးစုတ် မတရား ရယူခဲ့တဲ့ ဦးခင်တစ်ယောက်ရဲ့ဘ၀..သိပ်မကြာလိုက်ပါ..
ကံကြမ္မာ မိုးမှောင် က အစပြုလာခဲ့တယ်.... တစ်နေ့ ..... ဦးခင်ရဲ့ အငယ်ဆုံး သမီးလေးဟာ သူတို့ရဲ့ 
ဘေးအိမ်ကို သွားလည်ရင်း လက်ဆော့တာလား..တကယ်လိုချင်စိတ်ကြောင့်လားမသိ.. လက်ပတ်နာရီ
လေးတစ်လုံး ခိုးတာကို လက်ပူးလက်ကြပ်မိ သဖြင့် အိမ်ရှင်က မကျေနပ်လို့ ရပ်ကွက်ရုံးကို တိုင်တာပေါ့..
မိဘ တွေကို မျက်မုန်းကျိုး နေတာလည်း ပါရင်ပါလိမ့်မယ် ... ဖြစ်ချင်တော့ ရှေ့ပြသနာက ရှင်းလို့မှ မပြီးသေး
သားအလတ် တစ်ယောက်က လက်ဖက်ရည်ဆိုင်မှာ ရန်ဖြစ်ကာ ရိုက်မှုတစ်ခုဖြစ်ပွါးလေတော့တယ်...
     အဲဒီမှာတင် သွေးတိုးရောဂါရှိတဲ့ ဦးခင်ရဲ့ ဇနီး စိတ်ဆင်းရဲမှုကြောင့် ရောဂါ ဖောက်ကာ ဆေးရုံသို
အပြေးအလွှားနဲ့ သွားရောက်ပြီး ဆေးကုသမှု ခံယူရတယ်.... အဲဒီမှာတင် ဦးခင်တစ်ယောက် လုပ်ခဲ့သမျှ
အကုသိုလ် ကံတို့ကြောင့် ခေါင်းမီးတောက်ခဲ့ရလေပြီ...သမီးငယ်အမှုမှာ မပြောပလောက်ပေမယ့် 
သားလတ်ရဲ့ ရိုက်မှုမှာ ခံလိုက်ရတဲ့ တစ်ဘက်သူကို ဆေးကုပေးရတာက တစ်မျိုး... အမှု လျော့ကျရေး
အတွက် လာဘ်ထိုးရတာက တမျိုး...ကုန်လိုက်တဲ့ငွေမှ သောက်သောက်လဲ..... ဒီကြားထဲ အတွင်းလူနာအဖြစ် ကုသခံနေရတဲ့ ဇနီးသည် အတွက်ကလည်း တော်တော်လေး ကုန်ကျခဲ့ရတယ်..
ဦးခင် မတရား သဖြင့် ရှာခဲ့တဲ့ ငွေတွေ တစ်ချက်ထဲနှစ် ပိုင်ဆိုင်မှုရဲ့ ထက်ဝက်ကျော် လောက် 
ဆုံးရှုံးခဲ့ရလေပြီ.... အမှုတွေ ပြီးတဲ့ နောက်ပိုင်းမှာတော့ ဦးခင်တစ်ယောက် စိတ်ညစ်ညစ်နဲ့ 
အရက် ကို အဖော်ပြုကာ နေလာရင်း အရက်သမားကြီး လုံးလုံးဖြစ်လာလေတော့တယ်.....
ကျန်ရှိတဲ့ စည်းစိမ် အနည်းငယ်ကလည်း သား၂ ယောက်ရဲ့ သုံးဖြုန်းမှု၊ မိုက်မဲမှုတွေကြောင့် 
သဲထဲ ရေသွန်သလို အချိန်တိုလေးအတွင်းမှာ ပျောက်ပျက် ကုန်လေ၏။ နောက်ဆုံး ဦးခင် 
တို့မိသားစု.. မြို့ပွဲစားထံမှာ ပြန်ပေါင်ထားတဲ့ အိမ်နဲ့ခြံ အပေါင်ဆုံးကာ နေစရာမဲ့တဲ့ ဘ၀ကို
ရောက်လာတော့တာပေါ့... အရင်က ပြုခဲ့တဲ့ မကောင်းမှု အရိပ်မည်း တွေကြောင့် ဒုက္ခရောက်လို့မှ
ရွာထဲမှာ ကူညီမယ့်သူမရှိ... ပေးကမ်း စွန့်ကြဲမယ့်သူမရှိ... နောက်ဆုံး စားရမဲ့ သောက်ရမဲ့နေစရာပါ
မရှိတော့တဲ့ ဦးခင်တို့ ရွာ့ပြင်က ဘုံပိုင် မြေကွက်လပ်လေးမှာ လူနေသာရုံတဲလေး ထိုးပြီးနေရရှာတယ်...
မနက် မိုးလင်းတိုင်း လက်ဖက်ရည်လေး သောက်ပြိး အချိုတည်း တတ်တဲ့ ဦးခင် တစ်နေ့တော့
အရမ်းသောက်ချင်လာတဲ့ ဆန္ဒကြောင့် အရင်က သူသောက်နေကြ ဆိုင်လေးမှာ တောင်းသောက်
ရတဲ့ဘ၀မှာ ရင်နာစရာ.. ဆိုင်ရှင်ကလည်း အရင်က ဆက်ဆံခဲ့ဖူးတဲ့  အရှိန်လေးနဲ့ တိုက်လိုက်ပါတယ်..
ရမှန်းသိတော့ ဦးခင် နောက်နေ့တွေမှာလည်း သွားတောင်းသောက်တယ်... ဆိုင်ရှင်လည်း... ၁ ရက်၊
၂ရက်၊ ၃ ရက်... နောက်မှာတော့ မကြည်ဖြူနိုင်တော့ဘူး..အဲဒါကြောင့် ဦးခင်ကို စားပွဲထိုးလေးတွေကိုခေါ်
ပြီး ဆိုင်ပြင် ဆွဲထုတ် ခိုင်းတယ်... အဲဒီမှာ တင် ဦးခင် သူ့ရဲ့ တစ်ချိန်က လူမဆန်ခဲ့မှုတွေအတွက်
နောင်တ မျက်ရည်ကျရလေပြီး ဆိုင်နဲ့ ခပ်လှမ်းလှမ်းတစ်နေရာဆီသို့ လျှောက်သွားလေတော့သည်....
           နောက်နေ့ မှာတော့ ဦးခင်ရဲ့ သားကြီးဖြစ်သူက သူ့အဖေ ညက အိမ်ပြန်မလာလို့ဆိုပြီး 
ရွာထဲ ၀င်ရှာတယ်.... နောက်ဆုံး လက်ဖက်ရည်ဆိုင် ကနေထွက်သွားပြီး ဘယ်ဆက်သွားသလဲ 
ဆိုတာ သတင်းစ ပြတ်နေရာ....နောက်ဆုံး အကြော်သည်ကြီး က  မနေ့က မနက်က မင်းအဖေ
ဟိုးတောင်ကုန်းပေါ်တက်သွားတာ တွေ့လိုက်တယ် ဆိုလို့ သားဖြစ်သူ တောင်ကုန်းကြီးဆီသို အပြေးအလွှား တက်ရှာလေသည်... တောင်ကုန်းပေါ်ရောက်တော့ တွေ့လိုက်ရတဲ့မြင်ကွင်း
တစ်ခုကြောင့် ထိပ်လန့်သွားလေ၏။ စေတီရဲ့ ခြေရင်းမှာ ပုံပုံလေး လဲနေတဲ့ အဖေကို တွေ့လို့ ပြေး
ထူမယ် အကြံနဲ့ အနားရောက်သွားတော့..........မြင်ကွင်းမှာ ရင်နင့်စရာ ကောင်းလှပါဘိ...
ညက မိုးဦးကျ မိုးလေး ဖွဲဖွဲကျထားတော့  စေတီဝန်းကျင်တစ်ဝိုက်က တောထဲက  မျှော့ တွေ
ဝိုင်းပြီးတွယ်ထားလိုက်တာ... အရေခွံတောင် မမြင်ရတော့ပြီ... သားဖြစ်သူလည်းကြောက်လန့်တကြား
ရွာထဲသို့ နီးစပ်ရာလူတွေ ခေါ်ပြီး ဦးခင်ရှိရာသို နောက်တစ်ခေါက်ပြန်လာခဲ့တယ်....သို့သော် ဦးခင်မှာ
အသက်မရှိတော့လေပြီ...... မျှော့တွေ သွေးစုတ်ထားတာကြောင့် ဦးခင် ခန္ဓာကိုယ် မှာ သွေးလုံးဝ
ခန်းခြောက်ပြီး ဦးခင်ရဲ့ ဘ၀နိဂုံးချုပ်ရလေတော့သတည်း..........။

             ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်လေးပါ....ဟိုနေ့ကမှကျွန်တော် နာလိုက်ရတဲ့
ဆရာတော် အရှင်သောမ ရဲ့ မိမိပြုကံ မိမိခံ၊  မိမိပြုကံ မိမိစံ ဆိုတဲ့တရားတော်ထဲမှထုတ်နှုတ်ပြီး
ဇာတ်လမ်းတိုလေးတစ်ခုသဖွယ် အနည်းငယ်ပြင်ဆင်တင်ပြခြင်းဖြစ်ပါတယ်.. အားလုံးကိုခြုံငုံကြည့်မယ်
ဆိုရင် ဦးခင် ပြုခဲ့သော အကုသိုလ်ကံ အကျိုးကြောင့် ဘ၀တောင် မကူးသေးဘူး...ဒီဘ၀မှာတင်
ချက်ချင်း ၀ဋ် ပြန်လည်တာ စဉ်းစားကြည့်ရင် တကယ့်ကို သံဝေဂ ရစရာပါ...စာဖတ်သူ မိတ်ဆွေ
အားလုံးလဲ ခုလက်ရှိ ကျင်လည်နေတဲ့ဘ၀မှာ အတတ်နိုင်ဆုံး ကိုယ်ရှာတဲ့ငွေဟာ ဖြူစင်သောငွေ
တစ်ခု ဖြစ်အောင်ကြိုးစားကြပါ လို့ တိုက်တွန်း လိုက်ရပါတယ်ခင်ဗျာ....

မှတ်ချက်။     ။ကျန်ရှိသူမိသားစု ရဲ့ ဂုဏ်သိက္ခာကို ထောက်ထားသောအားဖြင့် အမည်နှင့် လိပ်စာ
                      လွှဲပြောင်းထားပါသည်...ထို တရားတော်အား နာကြားဖူးတဲ့သူကတော့ ဘယ်ဒေသမှာ
                     ဖြစ်ပျက်ခဲ့တယ်ဆိုတာ သိကြမှာပါ....

ခင်မင်လေးစားလျှက်
ဇေယျာ(ZLT)   
        

2 comments:

  1. ဖြစ်ရပ်မှန်ဆို စိတ်ဝင်စားတယ် ကျေးဇူးပါ...ဖတ်သွားပါတယ်..

    ReplyDelete
  2. ဒီခေတ်မှာ အများကြီးပဲ အဲ့လို လူမျိုးတွေ

    ReplyDelete